ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  မတ်  ၁၂

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအားလူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်က ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်များအလိုက် လူမှုရေးပင်စင်များကို လွှဲပြောင်းပေးအပ်ခဲ့ရာ  သက်ဆိုင်ရာရပ်ကွက်အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို သုံးလလျှင်တစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၀၅)ဦးအား လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၁၅၁၅၀၀၀၀) ကျပ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

လင်းလင်းထွန်း(ပြန်/ဆက်)