ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်အိတ်အလုံး ၃၀၀ လာရောက်လှူဒါန်း

ပွင့်ဖြူ      မတ်     ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်း သား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ထိုင်ဝမ်နိုင်ငံသား မစ္စတာကော (ပြည့်ပြည့်ဝဝကုမ္ပဏီ)မိသားစုက ဆန်အိတ် အလုံး ၃၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ယခုအခါ နိုင်ငံတော် အစိုးရ၏ အသိအမှတ်ပြု ဖွင့်လှစ်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းဖွင့်နှစ်ပေါင်း ၂၃ နှစ် ရှိသွားပြီ ဖြစ်ကြောင်း ၊ အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယခုလက်ရှိ ကျောင်းသားဦးရေ KG - တန်းမှ ဒသမတန်းအထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့် ပညာသင်ကြားပေးလျက်ရှိကြောင်း ၊ ပညာ သင်ကြားရေး အပိုင်းတွင် KG - တန်းမှ သတ္တမတန်းအထိ ကျောင်းသား/ကျောင်းသူများကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သင်ကြားပို့ချပေးပြီး အဋ္ဌမတန်းမှ ဒသမတန်းအထိ ကျောင်းသား/ကျောင်းသူများကို ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် အခြားဘော်ဒါဆောင်များသို့ ပို့ဆောင်ပြီး ပညာသင်ကြားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်းသားကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ စားရေးသောက်ရေး ရိက္ခာဖူလုံစေရေး အတွက် ထိုင်ဝမ်နိုင်ငံမှ မစ္စတာ ကော(ပြည့်ပြည့်ဝဝကုမ္ပဏီ) မိသားစုက ဆန်အိတ်အလုံးရေ ၃၀၀ အား လာရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်ကြီး ဦးတေဇနိယက အလှူရှင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )