အုတ်ဖို မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အထက အုတ်ဖို စာဖြေဌာန နောက်ကျောရှိ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းရှိ နေအိမ် တစ်လုံးမှ မီးပလပ်ခုံ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါ နေအိမ်မှတစ်ဆင့် နေအိမ်(၃)လုံးကို ဆက်လက် မီးလောင်ကျွမ်းခဲ့သည်။ နံနက်၉ နာရီ ၂၀ မိနစ် အချိန်တွင် မီးညွန့်ကျိုး ခဲ့ပြီး ၉ နာရီ ၃၀ မိနစ် အချိန်တွင် မီးလောင်ကျွမ်းမှုအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အထက အုတ်ဖို စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/ကျောင်းသူများမှာ ကျောင်းအပြင်သို့ ထွက်ပြေးကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အခြေအနေကို ထိန်းသိမ်းခဲ့ကြောင်း၊ စာဖြေ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စေ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိပါကြောင်း၊ စာဖြေချိန်မှာ နံနက် ၉ နာရီမှ ၁၂ နာရီ ထိဖြစ်သော်လည်း မီးလောင်မှုကြောင့် ကြန့်ကြာမှုအတွက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်ထိ ဖြေဆိုခွင့်ပြုထားပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးထံမှသိရသည်။
အဆိုပါ အထက အုတ်ဖို စာစစ်ဌာနတွင် စာရင်းရှိ (၁၀၃၇)ဦး၊ ဖြေဆိုသူ(၉၅၇)ဦးဖြေဆိုပြီး ပျက်ကွက် (၈၀) ဦးရှိကြောင်းနှင့် ပျက်ကွက်သူ များမှာ မီးလောင်မှုကြောင့် ပျက်ကွက်ခြင်းမဟုတ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန္တာယဉ်ထံမှ သိရသည်။
အောင်သူ(အုတ်ဖို)