မင်းဘူး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး(ဆင့်ပွား) အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မီးသတ်ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစိန်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ခွဲမှူးက မိတ်ဆက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာ ရေးမှူး ဦးလှိုင်မိုးကျော်က ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မတွေ့ရှိသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကူးစက်မြန်ရောဂါ ကာကွယ်ရေးခေါင်းဆောင် တပ်ခွဲမှူး ဦးဇော်လင်းမောင်က COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၅၇)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)