ဂန့်ဂေါ မတ် ၁၁
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက်စာဖတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်/ဆက်၏ BOOK CLUB ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ချင်းတိုင်းရင်းသားစာပေ တိုးတက်ရေး(ယော)အဖွဲ့ဥက္ကဋ္ဌ ဦးကုန်လျန်းမာန်က သင်တန်းသားများကိုယ်စား ကျေးဇူးတင် စကားပြောကြားသည်။
အဆိုပါ အသံထွက်စာဖတ်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ "စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား သင်တန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ မကွေးခရိုင် ပြန်/ဆက်တွင် ဖေဖော်ဝါရီ ၂၄ မှ ၂၆ ရက်နေ့ထိ လာရောက်ဖွင့်လှစ်သည့်သင်တန်း တက်ရောက်ခဲ့ပါတယ်၊ အဆိုပါ သင်တန်းမှာ သင်ကြားခဲ့သည့် အသံ ထွက် စာဖတ်ခြင်း နည်းစနစ်များကို ဂန့်ဂေါခရိုင် ပြန်/ဆက်မှာ (ဆင့်ပွား)သင်တန်း ပေးရခြင်းဖြစ်ပါတယ်"ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌန၊ ရုပ်သံကျွမ်းကျင်-၃ ဦးနေမျိုးသူရက ပြောသည်။
ထို့နောက် အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၄၀)ကျော် တက်ရောက်ခဲ့ပြီး ဟားခါးစာပေ တိုးတက်ရေးကော်မတီ အဖွဲ့ဝင်နှင့် ဇိုတုန်စာပေ တိုးတက်ရေးကော်မတီအဖွဲ့ဝင် လူကြီးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင် (ပြန်ဆက်)