ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီကုသမှုများရရှိနိုင်စေရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ အထူးကုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ အထူးကု ပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်နေသကဲ့သို့ အဆိုပါ အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို နိုင်ငံသားများအားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။