ဧရာဝတီတိုင်းဒေသကြီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ နှစ်သိန်းလေးသောင်း ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည်
ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလအတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးရာတွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြားရှိ အသက်အရွယ်များကို ထိုးနှံပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်း ကျော်ရှိပြီး ဆေးထိုးစုရပ် ၃၁၃ နေရာ၊ ဆေးထိုးအုပ်စုအဖွဲ့ ၂၄၀ နှင့် တပ်မတော်ဆေးတပ်ဖွဲ့မှအဖွဲ့ ၁၃ ဖွဲ့က ပူးပေါင်း၍ ရေလမ်းခရီးနှင့် ဝေးလံသည့်နေရာများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။