ထူးမြတ်လှသည့်လတပေါင်း
တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်ပြီး၊ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်းဟု လူတို့ ဆိုစမှတ်ပြုကြသည်။ နှစ်တစ်နှစ်၏ အဆုံးသတ်လဖြစ်ပြီး၊ ရက် ၃၀ ရှိ၍ ရက်စုံသောလဖြစ်သည်။ ဆောင်းကုန်နွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲ့မကုန်နိုင် ဖြစ်ရသည်။