နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၅ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေ့ရှုသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းဝေ၊ နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ဦးနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။