ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုပေးအပ်

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယမန်နေ့နံနက်(၁၀) နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ရရှိသူများ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အုပ်စုလိုက်ခွဲပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကေသီခိုင်နှင့် ပဲခူးမြို့နယ် ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်တို့က  ကိုဗစ်-၁၉ ‌ရောဂါ ကာလအတွင်း ယာယီပိတ်သိမ်းထားသည့် ပဲခူးမြို့နယ် အတွင်းရှိ အလုပ်ဌာန(၄၁)ဌာနမှ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုး ခံစားခွင့် (၄၀%)ရရှိသူ စုစုပေါင်းအာမခံ အလုပ်သမား (၈၉၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၁၁၅၅၇၆၀.၆)ကျပ်အား သက်ဆိုင်ရာ အလုပ်ဌာနများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။  

ပဲခူးမြို့နယ် လူမှုဖူလုံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အဌမအကြိမ်အဖြစ် အလုပ်ဌာန(၄၁)ခုမှ အာမခံအလုပ်သမား(၈၉၂)ဦးအားလည်းကောင်း စုစုပေါင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၁၂၈)ခုမှ အာမခံအလုပ်သမား (၄၂၄၆၅)ဦးအား လူမှုဖူလုံရေး ထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့်(၄၀%)အား ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)