ပွင့်ဖြူ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကံကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံ စေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အချိန်မီပြီးစီးရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာသည် အိမ်ခြေ ၆၀ ကျော်ရှိပြီး လူဦးရေ ၃၇၄ ဦးရှိကာ ကျေးရွာနေ ပြည်သူများမှာ သောက်သုံးရေအတွက် မြေသားမိုးရေစုကန်အား မှီခိုအားထားပြုနေရသည့်အတွက် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာန ခွင့်ပြုရန်ပုံငွေကျပ် (၂၀၈) သိန်းဖြင့် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အကျယ်အဝန်း(၁၀ ပေ × ၈ ပေ × ၈ ပေ ) တည်ဆောက်ခြင်း ၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းတို့ကို မြင့်မိုရ်စံထားကုမ္ပဏီအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
အဆိုပါ လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဌာနခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ ရယူသုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လုပ်ကိုင်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ယခုအခါ မြင့်မိုရ်စံထား ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ရေစက်ရုံအပါအဝင် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တည်ဆောက်ခြင်း လုပ်ငန်းမှာ ၂၀ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)