ကော့ကရိတ် မတ် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မစျေးကြီးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လေ့ကျင့်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးစောဒါယေလနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးကိစ္စများနှင့်ပတ်သက်၍ ပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်ကျွမ်းနေမှုအား မီးသတ်ဆေးဗူးနှင့် ငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုသို့ ကော့ကရိတ်မြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မစျေးကော်မတီဝင်များ၊ စျေးသူစျေးသားများ တက်ရောက်ကြကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)