ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ရောဂါကူးစက်ပျံနှံမှုများကို ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ (အနောက်)၊ ရွှေပြည်သာ နှင့် အင်းစိန်မြို့နယ်များသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည့် စက်ရုံ ဝန်ထမ်းများအား နှာခေါင်း စည်း(Mask)များ (အခမဲ့)ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၆)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ဦးဆောင်၍ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေးနှင့် စည်ပင် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့တို့က ထန်းတပင်မြို့နယ်မှ အခြား မြို့နယ်များသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသော စက်ရုံဝန်ထမ်းများတွင် နှာခေါင်း စည်းတပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း (Mask) များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ဆောင်ရွက်စေခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်စည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှု Mask Campaign များကို မြို့နယ် တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)