စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရပ်ကွက်ပြည်သူများနှင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေး

စစ်ကိုင်း  မတ် ၁၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်နေ ပြည်သူများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးသို့ သွားရောက်ကာ သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြသည်။

"ကျွန်တော်တို့ ရပ်ကွက်မှာလည်း မြတ်ဇေယျာစာကြည့်တိုက်နဲ့ ဆေးပေးခန်းတွဲလျှက် ဖွင့်ပေးထားပါတယ်၊ ဆေးခန်းကတော့ အပတ်စဉ် စနေ/တနင်္ဂနွေနေ့ တွေမှာဖွင့်ပါတယ်။ စာကြည့်တိုက်ကတော့ ဥပုဒ်နေ့ကလွဲရင် နေ့စဉ်ဖွင့်လှစ် ပေးထားပါတယ်။ လူငယ်တွေအတွက်လည်း WiFi အသုံးပြုလို့ရအောင် တပ်ဆင်ပေးထားတယ်။ အခုဖောင်ဒေးရှင်နဲ့ ချိတ်ဆက်ပြီး စာအုပ်တွေ လာငှားပေးတော့ ရပ်ကွက်ပြည်သူတွေ စာအုပ်မျိုးစုံ ဖတ်ရှုရပါတယ်။ လာငှားပေးတာ ကျေးဇူးတင်ပါတယ်" ဟု ဇေယျာရပ်ကွက်ရှိ မြတ်ဇေယျာ အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်မြင့်မှ ပြောခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနမှ ဒေါ်ယဉ်မင်းသက်ကလည်း "ကျွန်မတို့ ရွေ့လျားစာကြည့်တိုက် အနေနဲ့ ယခင်ကတော့ ကျောင်းတွေမှာ လှည့်လည်ငှားရမ်း ပေးနေတာပါ။ အခုကျောင်းတွေ ပိတ်ထားတော့ ရပ်ကွက်/ ကျေးရွာများနဲ့ ဌာနဆိုင်ရာတွေကို နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များဖြင့် လှည့်လည် ငှားရမ်း ပေးနေပါတယ်"ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်