ကြာအင်းဆိပ်ကြီး မတ် ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဆိုးရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူစည်ကားရာ မြို့မဇမိရတနာဈေးသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဈေးရောင်းဈေးဝယ်အများပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားနေမှု အခြေအနေများ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာ ပေးပြောကြားသည်။
ထို့နောက်ကျန်းမာရေးဝန်ထမ်းများက (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်မျာအား ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို လူစည်ကားရာ နေရာများတွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)