ဖြူး၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

ဖြူး  မတ် ၁၃

နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါ်နွယ်နီဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးတို့ တက်ရောက် ၍ သင်တန်းဆင်း အမှာ စကားပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသင်းက သင်တန်းတွင် အမျိုးသမီးငယ်များကို ကျောင်းအိပ်၊ ကျောင်းစားစရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်းအစုံအလင် ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပါကြောင်း သင်တန်းပြီးဆုံးပါက တပိုင်တနိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီ၀င်းမှ သင်တန်းထူးချွန် ပထမဆုရရှိသူ ကျောက်ကြီးမြို့နယ်မှ မနော်အယ်ခူဖောအား လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာဟင်မှ သင်တန်းထူးချွန် ဒုတိယဆုရရှိသူ ဖြူးမြို့နယ်ရေပြာကျေးရွာမှမရွှေဆွေဇင်အား ဆုချီးမြှင့်ခြင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းအုပ်မှ သင်တန်းဆင်းအောင်လက် မှတ်များကိုပေးအပ်ခဲ့သည်။

ထို့‌နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁)မှ  သင်တန်းဆင်း သင်တန်းသူများ၏ အဝတ်အထည်၊ လက်မှုလက်ရာ များ  ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုကြသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ထိ (၁၈) ပတ်ကြာ  စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီး သင်တန်းသူ (၅၀) ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

မနွယ်(ပြန်/ဆက်)