သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ COVID 19 ရောဂါ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်  မတ်  ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကုတင် ၂၀ဝဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID 19 ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဆေးရုံရှိနားနေဆောင်၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် သန်လျင်အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနားများနှင့်အတူ လိုက်ပါလာကြသည့် လူနာစောင့်များအား COVID 19 ရောဂါနှင့် ပတ်သက်၍ ကောလဟာလသတင်းများကိုမယုံကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ နေ့စဉ်အတည်ပြု ထုတ်ပြန်ပေးလျက်ရှိသော သတင်းအချက်အလက်များကိုလိုက်နာရန်၊ လူနာစောင့်များဖြစ်၍ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပစ္စည်းများကိုင်တွယ်အသုံးပြုပြီးတိုင်း လက်များကို စင်ကြယ်စွာဆေးကြောကြရန်၊ နှာခေါင်းစည်းများအား စနစ်တကျတပ်ဆင် အသုံးပြုပုံနှင့် စနစ်တကျစွန့်ပစ်ရန်အပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆောင်ရန်အချက်များနှင့် ရှောင်ရန်အချက်များကို အလေးအနက်ထား လိုက်နာကြရန်  ရှင်လင်းဟောပြောဆွေးနွေး မှာကြားသည်။

ထို့နောက် သန်လျင်အထွေထွေရောဂါကုဆေးရုံ ကြီးကြပ်ရေးကော်မတီဝင် ဦးတင်ဝင်းက လူနာစောင့်များ သက်တောင့်သက်သာစွာ နေထိုင်နိုင်ရေးစီစဉ်ထားရှိမှုများနှင့် စည်းကမ်းရှိစွာ အသုံးပြုရေးထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသည် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်နှင့် တံတားမြို့နယ်များမှ ပြည်သူများ အားထားရာ ဆေးရုံကြီးဖြစ်သည်နှင့်အညီ ဆေးကုသမှုခံယူလျက်ရှိသောလူနာများ နေ့စဉ်များပြားလျက်ရှိရာ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းကုသဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)