ဖာပွန် မတ် ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတိုးဝေဇင် က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုများတွင် ဖေ့ဘုတ်စ်သတင်းများအား ရုတ်တရက် ယုံကြည်ရန်မသင့်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်စေလိုကြောင်း၊ လူမှုမီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သိရှိသင့်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိန်လှဝင်းနှင့် တာဝန်ရှိသူများက သဘာဝဘေး ကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)