ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၁၄)ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

သရက် မတ် ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀;၃၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ပြောကြားရာမှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းနှင့် အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိမိတို့ကျေးရွာအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန် ပြောကြားပေးပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က  မိမိကျေးရွာတွင် ဆောင်ရွက် သည့် လုပ်ငန်းများကို ရေရှည်အသုံးပြုနိုင်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောကြားရာမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မည့်ကျေးရွာ(၁၄)ရွာမှ ကျေးလက်မီးလင်းရေး (၅)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း(၅)ခု၊ ကျေးလက်လမ်းလုပ်ငန်း(၂)ခုနှင့် ကျေးလက်တံတားလုပ်ငန်း(၂)ခု ကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့် ပညာရှင်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်သည့်အခါ စံချိန်စံညွှန်းနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြမည့်ဟု ပြောကြားပေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူ အသီးသီးက ကျေးရွာ (၁၄)ရွာအား ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)