ဒလမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး‌ အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

ရန်ကုန် မတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ရည်ရွယ်၍ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး မြင့်အောင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်း၍ မတ်လ ၁၂ ရက်နေ့ မှ  စတင်ပြီး ရက်သတ္တပတ် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် မော်တော်ယာဉ် မောင်းနှင်စဉ် ခါးပတ်ကြိုးတပ်ဆင်ထားရှိစေရေး၊  ဆိုင်ကယ် မောင်းနှင်စဉ် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးများ တပ်ဆင်ထားရှိစေရေး၊ သတ်မှတ်လူဦးရေထက် တင်ဆောင်မောင်းနှင်မှု မရှိစေရေး၊ စည်းကမ်းမဲ့သော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ရက်သတ္တပတ် အသိပညာပေးသွားမည်ဖြစ်ပြီး ပညာပေးကာလပြီးဆုံးချိန်တွင် စည်းကမ်းများ မလိုက်နာသော ယာဉ်များကို ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)