ခင်ဦးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေး

ခင်ဦး မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကိုက ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် သတိပြုလိုက်နာ ဆောင်ရွက် ရမည့်အချက်များ၊ ရှောင်ရန် ဆောင်ရန်များ၊ နိုင်ငံခြား၊ နယ်စပ်ဒေသတို့မှ ပြန်လာပါက ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြရန်နှင့် သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာတို့ကို လည်းကောင်း၊ ပေါင်းလှဲကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဦးမျိုးမြင့်အောင်က ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် အချက်အလက်များကို လိုက်နာဆောင်ရွက်ပြီး သတိပြုနေထိုင် သွားကြရန် ပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ လက်ဆေးခြင်းကို လက်တွေ့ပြသခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက် လာသူများက ကျန်းမာရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ဒေါက်တာစန်းယုကိုက ပြန်လည် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော  ကိုရိုနာဗိုင်းရပ်စ်ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

စိုးဝေအောင်(ခင်ဦး)