ကောလင်း မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာ ကြကြောင်း သိရသည်။
အဆိုပါ စိန်လည်ကျေးရွာလေးသည် ဝန်းသို-ကောလင်း သွားလမ်းဘေးတွင် တည်ရှိပြီး အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ခြင်း လုပ်ကိုင်ကြသည်။ ၎င်းကျေးရွာလေးမှ အရှေ့ဒေါင်းမြူးချောင်းဘေးတွင်တည်ရှိသော လယ်ယာမြေများ ပိုင်ဆိုင်သော တောင်သူများအနေဖြင့် စပါး၊ ပြောင်း၊ နေကြာ၊ ကြက်သွန်စသည့် သီးနှံများအပြင် ငရုပ်၊ခရမ်းချဉ်၊ ခရမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်မျိုးပေါင်း စုံလင်စွာလုပ်ကိုင်လျက်ရှိကြသည်။
“ကျွန်မတို့ကတော့ တောင်သူအကြီးစားကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့်ကိုယ်ပိုင်သည့် ဧကဝက်လောက် မြေမှာအခု ဂန္ဓမာပန်း ၂၀၁ဝ ခုနှစ်ကတည်းက စိုက်ပျိုးလာခဲ့တာပါ။ အရင် စမ်းသပ်စိုက်ပျိုးတုန်းကတော့ အခက်အခဲတွေကြုံတွေ့ခဲ့ပါတယ်။ စျေးကွက် ကလည်း မတည်ငြိမ်၊ လူကြိုက်ကလည်းနည်းသေးတယ်။ အမြတ်မရပေမယ့် အရှုံးတော့မရှိခဲ့ပါဘူး။ ဂန္ဓမာ ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့မှ မှာယူစိုက်ရပါတယ်၊ ၄ပေး အကျယ်၊ အလျား ၃ဝပေရှိတဲ့ ပေါင်တစ်ခုပေါ်မှာ အပင်အရေအတွက် ၁ဝဝဝလောက်စိုက်ပျိုးနိုင်ပါတယ်ဟု ဂန္ဓမာပန်း စိုက်ပျိုးသူတောင်သူတစ်ဦးက ပြောသည်။ ပန်းပင်ကတော့ ရှင်သန်လာတဲ့အထိ နေ့စဉ် ရေချို ရေအေးအေးဖြင့် တစ်နေ့တစ်ကြိမ်မနက်ပိုင်းတွင် ပိုက်ဖြင့်ဖြန်းပေးရပါတယ်။ အခု အပင်အရေအတွက် ၂၅ဝဝဝ စိုက်ပျိုးထားပါတယ်။ အခုဆွတ်ခူး ရောင်းချနေပါပြီ။ ခန့်မှန်းအကျိုးအမြတ် အနေဖြင့် စျေးအတက်အကျပေါ် မူတည်၍ ရမယ်လို့ မျှော်လင့်ပါတယ်။ ရွာက အခုချိန်ထိ ပန်းစိုက်ပျိုးတဲ့တောင်သူ ၃ဝခန့်လောက်ရှိလာပြီဟု” ပန်းစိုက်ပျိုးသူ တစ်ဦးကပြောသည်။
“ဧကများများစိုက်ပျိုးနိုင်လေ ပိုင်ရှင်အတွက် အဆင်ပြေသည့်အပြင် ရွာကအလုပ်သမားတွေ အတွက်လည်း အလုပ်အကိုင်ရပြီး နေ့စဉ်ဝင်ငွေရတဲ့ ပန်းမျိုးဖြစ်ပါတယ်။ ကျွန်မကတော့ ပန်းတွေထဲမှာ ဒီဂန္ဓမာပန်းကိုပဲ အဓိကဦးစားပေးစိုက်ပါတယ်။ ဂန္ဓမာပန်းကို နှစ်စဉ် သြဂုတ်လမှာ စိုက်ပျိုးပါတယ်။ အခုဆိုရင် အချို့တောင်သူများသည် နွေ၊မိုး၊ဆောင်း ဆယ့်နှစ်ရာသီ ပတ်လုံး စိုက်ပျိုးလာကြပါတယ်။ စိုက်ပြီး ၃လခွဲဆိုရင် ပန်းတွေကို အသင့် ရောင်းချနိုင်ပြီး အောင်မြင်ဖြစ်ထွန်းတဲ့ ပန်းတွေကို နှစ်ရက်ခြား၊ သုံးရက်ခြား ခူးဆွတ် ရောင်းချရ ပါတယ်။ တစ်ဆင့်ကူး ဖောက်သည်တွေရွာထိ ဝယ်ယူလာကြပါတယ်။ သူတို့အတွက်လည်း တစ်နေ့တာ ဝင်ငွေအဖြစ် လေးငါးထောင်လောက်ရကြလို့ ဝမ်းသာပိတိဖြစ်မိပါတယ်။ ကိုယ့်အတွက်သာ အကျိုးဖြစ်ထွန်းရုံမက အလုပ်သမားတွေအတွက်ပါ အကျိုးဖြစ်သည့်အတွက် ကိုယ့်ဒေသမှာသာမက ရာသီဥတုကောင်းမွန်ပြီး ရေအေးအေးရရှိနိုင်တဲ့ ဒေသတွေမှာ စိုက်ပျိုးသင့်ပါတယ်”ဟု စိန်လည်ကျေးရွာမှ ဂန္ဓမာပန်း စတင်စိုက်ပျိုးခဲ့သူ မနန်းဝင်းအေးမှ ပြောပြသည်။
မြင့်ထွန်းမင်း(ကောလင်း)