ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID- 19)အကြောင်း အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ကျိုက်မရော  မတ်  ၁၅

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းမွန်က ကမ္ဘာ့နိုင်ငံများတွင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ပညာပေးဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါရောဂါ ဖြစ်ပွားမှု မရှိသေးသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော သတင်းမှန်များနှင့် သတိပေး နှိုးဆော်ချက်များကိုသာ လိုက်နာ ဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက လူမှုမီဒီယာများတွင် ပျံ့နှံ့နေသည့် သတင်းအမှားများကို မယုံကြည်ကြရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ထုတ်ပြန်သည့် သတင်းအမှန်များကိုသာ စောင့်ကြည့် နားထောင်ကြရန် ပညာပေးဆွေးနွေးကာ တက်ရောက်လာသူများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲမှ ထုတ်ဝေသည့် "မိမိကစ၍ကာကွယ်ပါ (COVID-19) ပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)