နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်

နန်းယွန်း အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊နန်းယွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့ အထကကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ဦးအာကာတင်ဦးက ပြောကြားရာတွင် အခက်အခဲများကြားမှ ကြိုးစားပြီးသင်ယူသင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကိုရရှိခဲ့ သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း၊ ထို့အပြင် ယခုလို မြို့နယ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအားလုံးကို မြို့နယ်အတွင်း မှတ်တမ်းတင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းကလည်းကောင်း၊ မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဦးရှန်ယုံက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နန်းယွန်းမြို့နယ်၏ အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုများကိုပေးအပ်ချီးမြှင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့နယ်အဆင့်ဘာသာရပ်အလိုက် ဆုရထူးချွန်ကျောင်းသား၊ ကျောင်းသူ(၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၇)ဦး၊ စုစုပေါင်း(၅၅) ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲဖြင့် ဂုဏ်ထူးရရှိအောင်မြင်သူ မကက်သရင်းစီနာဟန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နာဂဒေသ၊နန်းယွန်းမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန (၂)ခု၊ဖွင့်လှစ်ပြီး ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၃၂၆)ဦးအနက် အောင်မြင်သူ (၁၂၅)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၈.၃၄) ရာခိုင်နှုန်းရရှိသဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊မြို့နယ်များအနက် အဆင့်(ပထမ) ရရှိခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူးရရှိသူဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရဦးရေထက် (၂၇)ရာခိုင်နှုန်းတိုးတက်မှု ရှိလာကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)