မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးဆောင်ရွက်

ရန်ကုန်  မတ် ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်  ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစည်အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံ၌ ကူးစက်ခံရသူ အတည်ပြုထားခြင်းမရှိသော်လည်း ကာကွယ်တားဆီးမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ လူစုလူဝေးများပြားသည့် နေရာများသည် ကူးစက်ခံရနိုင်မှု ပိုမိုများပြားနိုင်သည့်အတွက် အခမ်းအနားများ၊ ပွဲလမ်းသဘင်များနှင့် မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်တို့ကို ရပ်နားထားရန် နိုင်ငံတော် အစိုးရမှ ညွှန်ကြားခဲ့ရာ ပြည်သူများနှင့် ဌာနဆိုင်ရာ အသီးသီး တို့မှ လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ကြေငြာချက်အမှတ် (၁/ ၂၀၂၀) အရ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရုပ်ရှင်ရုံများ၊ ကာရာအိုကေဆိုင်များ၊ Night Club များ၊ ဗွီဒီယို ရုံများအား ဧပြီ (၃၀) ရက်နေ့အထိ ရပ်နားထားရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥမ္မာမြင့်က ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ရပ်ကွက်များအတွင်း သံသယဖြစ်ဖွယ် ရောဂါခံစားရသူများတွေ့ရှိပါက အမြန်ဆုံးသတင်းပေးပို့ရန်နှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်၊ အင်း၊ တည်းခိုခန်း များမှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)