ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အုတ်ဖိုမြို့ နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

အုတ်ဖို  မတ် ၁၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူမှုရေးဝန်ကြီးမှ ယခုလိုကောင်းမွန်တဲ့ စိတ်ဓာတ်များဖြင့် စည်းလုံးညီညွတ်စွာ ဒေသခံပြည်သူများက ဝိုင်းဝန်ဆောင်ရွက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ခဲ့ကြတဲ့ အတွက် အလွယ်တကူ မီးငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခမ်းအနားတက်ရောက်လာကြတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး များကလည်း မိမိတို့ဒေသမှာရှိတဲ့ လူငယ်များအား ယခုလိုအသိစိတ်များ ရရှိလာကြစေရန် မြှင့်တင်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးမှ အုတ်ဖိုမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြို့ပင်ကောက်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး အ-ထ-က အုတ်ဖိုစာစစ်ဌာနတွင် စာဖြေလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင် မောင်ကောင်းမြတ်ငြိမ်းအား စာဖြေနေစဉ် မိမိကိုယ်ကျိုးလစ်လျှူရှုကာ တာဝန်သိစိတ်ဖြင့် မီးငြှိမ်းသတ်ခဲ့တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ထို့နောက် မိမိမြို့နယ် မီးသတ်စခန်းများတွင် လိုအပ်လျက်ရှိသော မီးဘေးကယ်ဆယ်ရေး စက်ပစ္စည်းများနှင့် အရန်မီးသတ်စခန်းများအတွက် အလှူငွေများကို အလှူရှင်များက လှူဒါန်းရာ အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်မှ ဂုဏ်ပြုမှတ်တမ်းလွာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)