ကျောက်ကြီး မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။
လက်ကမ်းစာစောင်များကို စားသုံးသူရေးရာ ဦးစီးဌာန ကျောက်ကြီးမြို့နယ် တာဝန်ခံ ဦးစိန်လွင် ဦးဆောင်ပြီး ဌာနဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ်အနေဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ရာ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး၊ စားသုံးသူတိုင်းတွင် စားသုံးသူ အခွင့်အရေးရှိသောကြောင့် စားသုံးသူ အခွင့်အရေးများဖြစ်သည့် လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ခွင့်၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိနိုင်ခွင့်၊ အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်၊ စားသုံးသူရေးရာကိစ္စ နှင့်ပတ်သက်၍ သိရှိလေ့လာနိုင်ခွင့်၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရပိုင်ခွင့် ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင်ကို ရရှိနိုင်ခွင့်တို့အား ဒေသခံပြည်သူများ နားလည်သိရှိ ခံစားနိုင်စေရန် ဟောပြော ဆွေးနွေးခြင်းများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ အဆက်မပျက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
K ခိုင် (ပြန်/ဆက်)