ရန်ကုန် မတ် ၁၆
Covid-19 ရောဂါ ကြိုတင်သတိပြုကာကွယ်နိုင်စေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့ ညပိုင်းက အစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်စုမှူးများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မိမိတို့ရပ်ကွက်အတွင်း Covid-19 ရောဂါ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်အတွင်း တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်များကို မကြာခဏဆေးကြောခြင်းတို့ကို အသိပညာပေးရန်၊ ရပ်ကွက်အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်တရားတော်များအား ကားဖြင့်လှည့်လည်ရွတ်ဖတ် ပူဇော်ရန်၊ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင် ကိုယ်တော်မြတ်ကြီး အပေါင်းကို ဓမ္မာရုံတွင် ပင့်ဆွမ်းဆက်ကပ် လှူဒါန်းရန်၊ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပြင်ပမှ မိမိတို့ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများဟု ယူဆရသူများကို မျက်ခြည်မပြတ် စောင့်ကြည့်သတိပြုရန်၊ ရပ်ကွက်အတွင်းနာရေးရှိပါက လမ်းမှူးများမှ စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် စသည်တို့အား အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း