ပေါက်မြို့၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလင်းတန်း လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ပေါက်  စက်တင်ဘာ  ၁၈
 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ကလေးငယ်များအပေါ် အဓမ္မခိုင်းစေမှု၊ မတော်မတရား ညှင်းပန်း နှိပ်စက်ခြင်းများနှင့် ကလေးအလုပ်သမား ပပျောက်စေရေးအတွက်  ရည်ရွယ်ကာ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဆပ် ကော်မတီမှ  ထုတ်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေး အလင်းတန်း လက်ကမ်းစာစောင်များကို  ယမန်နေ့ နံနက် ပိုင်းက မြို့ပေါ် လမ်းဆုံ လမ်းခွများရှိ ခရီးသွားပြည်သူများနှင့် ဒေသခံ ပြည်သူများထံသို့ သွားရောက်ပြီး အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာကျော်နှင့် ဝန်ထမ်းများက မြို့ပေါ်လမ်းဆုံ လမ်းခွများတွင်ဖြတ်သန်းသွား လာကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ၊ ဌာနဆိုင်ရာရုံးများနှင့် ပေါက်မြို့ ယာယီပျံကျစျေးရှိ စျေးရောင်း စျေးဝယ်များကို ကလေးအလုပ်သမား ပပျောက်ရေး အလင်း တန်း လက်ကမ်းစာစောင် စောင်ရေ ၃၆၀ကိုအခမဲ့ လိုက်လံဖြန့်ဝေ ပေးသည်။
အဆိုပါ အလင်းတန်း လက်ကမ်းစာစောင်တွင် ကလေးသူ ငယ်ဘဝ ဘေးကင်းလုံခြုံရေး ဆောင်ရွက် ပေးရမည့်အချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ် ၊ ကလေးငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာအချက်များ၊ ကလေးငယ်များအတွက် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်နှင့် အလုပ်များ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်  ဆိုးရွားသော ပုံစံဖြင့် ခိုင်းစေခြင်း များ၊ ကလေးငယ်များ ဘဝမြှင့်တင်ရေးနှင့် ပတ်သက်သော ကဗျာများ ပါဝင်ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)