ပွင့်ဖြူ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေ နုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါ ပွင့်ဖြူမြို့၊ ပိတောက်လမ်းသည် လမ်းအရှည်ပေ ၁၄၇၀ ရှိပြီး မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဌာနခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၈ သန်းဖြင့် လမ်းဘေး(ဝဲ၊ ယာ)တစ်ဖက်လျှင် အကျယ် ၂ ပေ ၆ လက်မ ၊ အနက် ၂ ပေရှိ အုတ်ရိုး စီရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးက ဦးဆောင်ကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၊ ယင်းအုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၆၅ ဒသမ ၇၁ သန်းဖြင့် ယခု ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းအပါအဝင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း (လက်ထောက် ညွှန်ကြားရေးမှူး)ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)