ပွင့်ဖြူ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၆ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင် ပြည်သူများက စုပေါင်း၍ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေဗူးများနှင့် မုန့်များလာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ ၃၄၆၁ ဦးရှိပြီး လာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူဦးရေမှာ ကျား ၁၄၂၉ ဦး ၊ မ ၁၉၀၇ ဦး ၊ စုစုပေါင်း ၃၃၃၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး လာရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၅ ဦး ရှိကြောင်းသိရပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၃၉ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။ ယနေ့ ကျင်းပသည့် ဓာတုဗေဒဘာသာရပ် အား လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများက ပွင့်ဖြူ(အ.ထ.က) စာစစ်ဌာနသို့ လာရောက်ပြီး စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် ရေသန့်ဗူးနှင့် မုန့်များဝယ်ယူ ကျွေးမွေးလှူဒါန်းပေးရာ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများထံ အလှူရှင်များကျွေးမွေးလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )