ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ  မတ်  ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်စိုးလင်း တို့က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ (၁၄)ရွာ မှ ကျေးရွာတွင်း လမ်းများ မြေနီကျောက်စရစ် ခင်းခြင်း (၄)ခု၊ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း (၆)ခု၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း (၃) ခု၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သရက်အုပ်၊ အင်းမ၊ ကျွဲခြံ၊ လက်ပန်၊ နတ်ရွာ၊ စည်တိုင်း (လ)၊ ရွာပုလဲ၊ ဆင်မြူးအောင်၊ ကျောက်ဆောင်စမ်း၊ ညောင်လှ၊ ဆင်မတောင်၊ မွှန်းစ၊ ဖိုလေးလုံး၊ ကျားထူးစမ်း စသည့် ကျေးရွာများအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးတင်မောင်ဦးနှင့် ဦးကျော်လွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်း နှင့် တာဝန်ရှိသူ အသီးသီးက ကျေးရွာကော်မတီဝင်များထံ ရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ပြန်/ဆက်)