ဖာပွန်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ

ဖာပွန်  မတ်  ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုး သမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် က အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်း က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီ အစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ က မိမိတို့ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက် များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန် ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားပြီး ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)