ပုလဲ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့၊ နံနက် (၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းတို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာထွန်းမင်းခန့်က လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းစိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြုအဆင့်(၁)ဒေါ်ဇာဇာအောင်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများနှင့်ကာကွယ်နိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက မှုခင်းလျော့နည်းကျဆင်းစေရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာ ထွန်းမင်းခန့်နှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များက လှော်ကားကြီး ကျေးရွာရှိ အိမ်ထောင်စုများထံသို့ သွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်သည့် ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)