အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆွေးနွေး

အုတ်ဖို စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်ရေး အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာများသို့အရောက် ကွင်းဆင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလွင်နှင့် အဖွဲ့တို့က ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သစ်ဆိမ့်ကုန်း၊ ဘုတလက်တန်းလေး၊ လွှစင်၊ သပြေကုန်း၊ တင်းဂုတ်ကြီးနှင့် ကင်မွန်းခြုံ ကျေးရွာများမှ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် ကျေးရွာတောင်သူများအနေဖြင့် စပါးရိတ်သိမ်းချိန်ရောက်ရှိလာပြီ ဖြစ်သဖြင့် မိမိဒေသအတွင်းရှိ ကောက်ရိတ်စက်များဖြင့် မလုံလောက်သည့်အတွက် အခြား တိုင်းဒေသကြီး မြို့နယ်များမှ ကောက်ရိတ်စက်များအား ခေါ်ယူငှားရမ်း၍ ရိတ်သိမ်းမည်ဆိုပါက ကောက်ရိတ်စက်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများနှင့် သိလိုသည်များအား မေးမြန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတာဝန်ရှိသူများက မိမိမြို့နယ်မှမဟုတ်သည့် စက်သမားများ ဖြစ်ပါက Quarantine ဝင်ရောက်ရန်လိုအပ်ကြောင်း နှင့်သိလိုသည် များကို ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)