ဘားအံ မတ်လ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြပြီး မြို့ပေါ် လူစည်ကားရာ(၅)နေရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်မျာ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မိုးအေး ဦးဆောင်ကာ ဘားအံမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များနှင့် အသိပညာပေး လက်ကမ်း စာစောင်နှစ်သောင်းဖြန့်ဝေပေးကာပိုစတာလေးရာကပ်ထားပေးနိုင်ရေး၊ လူအရောက်အပေါက်များသည့် နေရာများတွင် လက်ဆေးနိုင်ရန် ဆောင်ရွက် ပေးထားပြီးအသိပညာပေးနိုင်ရေး၊ ဌာနဆိုင်ရာရုံးများ၊ပြည်သူများအားအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊အသံချဲ့စက်ဖြင့် အသိပညာပေးနိုင်ရေးစသည်တို့အား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဆက်လက်၍ ဘားအံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်မိုးအေးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည် ဘားအံမြိုပေါ်ရှိ လူစည်ကားသည့် နေရာ(၅)နေရာဖြစ်သော အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံး၊ ရွှေယဉ်မျှော်ဘုရား၊ ဘုရားကြီးဝင်း၊ ရေပေါ်ဈေးနှင့်ကားကြီးဝင်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်မျာအား ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို လူစည်ကားရာ နေရာများတွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)