ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်သိမ်းဆည်း

ပွင့်ဖြူ မတ် ၁၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံများ ရင့်မှည့်နေပြီဖြစ်၍ ယခု မတ်လဆန်းပိုင်းက စတင်ကာ တောင်သူများ စတင်သိမ်းဆည်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာများရှိ တောင်သူများက ဉယျာဉ်ခြံမြေများ ပြုစု ပျိုးထောင်ပြီး စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် သရက် ၊ လျှော်ဖြူ ၊ သနပ်ခါး ၊ မန်ဂျက်ရှား ၊ ဇီး စသဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ကျေးရွာအများစုရှိ တောင်သူများမှာ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်သည့်အတွက်ကြောင့် ၁၂ လ ရာသီ သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယခုအခါ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကုလားပဲသီးနှံစိုက်ခင်းများမှာ အသီးများရင့်မှည့်ချိန်ရောက်ရှိလာပြီဖြစ်၍ တောင်သူများက မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေပေးသော စိုက်ပျိုးရေဖြင့် နွေသီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် အလုပ်သမားများ ငှားရမ်းပြီး အပြိုင်အဆိုင် သိမ်းဆည်း နေကြကြောင်း သိရသည်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ တောင်သူတွေ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကုလားပဲသီးနှံစိုက်ခင်းများ စတင် သိမ်းဆည်းနေကြပြီဖြစ်ပါတယ်။ ဒီနှစ် ကုလားပဲသီးနှံစိုက်ခင်းတွေက တောင်သူတွေ စိုက်ပျိုးချိန် နောက်ကျခဲ့လို့ မနှစ်ကထက် သီးနှံအထွက်နှုန်း လျော့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ဧကကို ကုလားပဲသီးနှံ တင်းရေ ၂၀ ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးချိန်နောက်ကျခဲ့လို့ တစ်ဧက ၁၅ တင်းလောက်ပဲ ထွက်ရှိပါတယ်။ လက်ရှိ ဈေးနှုန်းကတော့ သီးနှံပေါ်ဦးပေါ်ဖျားမှာ တစ်တင်းကို ငွေကျပ် ၂၂၇၀၀ ကျပ်လောက်ပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။ မနှစ်ကတော့ ကုလားပဲသီးနှံဖြိုင်ဖြိုင်ပေါ်တဲ့အချိန်မှာ တစ်တင်းကို ငွေကျပ် ၂၆၀၀၀ အထိ အရောင်းအဝယ်ဖြစ်ပါတယ်။ မနှစ်က ဝယ်ယူတဲ့ ဈေးနှုန်းနဲ့ အနည်းငယ်သာ ကွာဟမှုရှိတာကြောင့် တောင်သူတွေ အနေနဲ့ အကျိုးအမြတ် နည်းတာကလွဲရင် အရှုံးမရှိပါဘူး ။ ခုဆိုရင် ကျွန်တော်တို့ မြို့နယ်မှာ မဲဇလီရေလွှဲဆည်ရေတွေ နွေသီးနှံစိုက်ပျိုးတောင်သူတွေကို ဖြန့်ဝေပေး နေပြီဖြစ်လို့ တောင်သူတွေက နွေစပါး နဲ့ နွေနှမ်း စိုက်ပျိုးဖို့ ကုလားပဲသီးနှံစိုက်ခင်းတွေကို အလုပ်သမားတွေ ငှားရမ်းပြီး အပြိုင်အဆိုင် သိမ်းဆည်းနေကြတော့ ရွာတွေမှာရှိတဲ့ နေ့စားအလုပ်သမားတွေလည်း နေ့စားလုပ်အားခ တစ်ရက်ကို ငွေကျပ် ၅၀၀၀ ရရှိလို့ လုပ်ငန်းအဆင်ပြေ နေကြ ပါတယ်။ ဒီနှစ်မှာတော့ တောင်သူတွေ တွက်ခြေကိုက်တဲ့ သီးနှံတွေကတော့ စပါးနဲ့ နှမ်းပါပဲ။ သီးနှံအထွက်နှုန်း ကောင်းတဲ့အပြင် ဈေးကောင်းကောင်းနဲ့ ရောင်းရလို့ တောင်သူတွေအားလုံး အဆင်ပြေကြပါ တယ်။ ဒါ့ကြောင့် ယခု ကျွန်တော်တို့မြို့နယ်မှာ ကုလားပဲသိမ်းဆည်းပြီးတဲ့ တောင်သူတွေက နွေသီးနှံ စပါးနဲ့ နှမ်းကို ပြန်လည်စိုက်ပျိုး ဖို့အတွက် လယ်ယာမြေတွေကို ထွန်ယက်ပြုပြင်နေကြပြီဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးတောင်သူ ဦးကျော်ဆန်း က ပြောသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )