မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ မတ် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာသည် အိမ်ခြေ ၆၀ ခန့်ရှိပြီး လူဦးရေ ၂၇၉ ဦးရှိကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်ပြီး သောက်သုံးရေအတွက် မြေသားမိုးရေ စုကန်အား နှစ်စဉ် မှီခိုအားထား ပြုနေရကြောင်း သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမဖြစ်စေရေးအတွက် ကွင်းဆင်းသွားရောက်ပြီး ဌာနအစီအစဉ်ဖြင့် ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ စက်ရေတွင်းအား ရေခုတ်မောင်းပြီး သောက်သုံးရေရရှိအောင် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား နွေရာသီကာလ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ မဖြစ်စေရေးအတွက် သောက်သုံးရေများ ခပ်ယူသုံးစွဲရာတွင် ရေလေလွင့်ဆုံးရှုံးမှုများ မဖြစ်အောင် စနစ်တကျ ခပ်ယူသုံးစွဲရေး၊ သောက်သုံးရေရရှိနိုင်သည့် သဘာဝရေအရင်းအမြစ်များ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အချက်အလက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ရွာကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်ပေးနေကြောင်းနှင့် အဆိုပါ စက်ရေတွင်း တူးဖော်နေမှုလုပ်ငန်းမှာ ၂၀ ရာခိုင်နှုန်းခန့် တူးဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )