သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ   မတ်   ၁၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများကဦးဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ မရောင်းချရန် တားဆီးခြင်း၊ သိမ်းဆည်းခြင်း၊ ဆေးဝါးလိုင်စင် မပြုလုပ်ရသေးသည့် ဆေးဆိုင်များအား လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။        

ခင်စန်းမြင့်(ပြန်/ဆက်)