တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာတွင် ပညာစံအိမ်စာကြည့်တိုက် (၁၀)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

တွံတေး မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံဂွေကျးရွာအုပ်စု၊ စက်ဆန်းကျေးရွာတွင် ပညာစံအိမ်စာကြည့်တိုက် (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့် အဆာက်အဦသစ် ပြန်လည်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တွံတေးမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစိုးစိုးဦး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ဦးတို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ပြာအောင်က ပညာစံအိမ်စာကြည့်တိုက် အတွက် သုတ ရသစာအုပ်(၁၀၀)အား ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်ခင်ဝင်းရွှေ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပေးအပ်ခဲ့သည်။

ဆက်လက်၍ စက်ဆန်းကျေးရွာ ပညာစံအိမ်စာကြည့်တိုက် အသင်းဝင်များ ကိုယ်စား စာကြည့်တိုက်မှူး ဦးဝေလင်းအောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများနှင့် ပညာစံအိမ်စာကြည့်တိုက် ကော်မတီဝင်များ၊ အလှူရှင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပညာစံအိမ်စာကြည့်တိုက် (၁၀) နှစ်ပြည့်အထိမ်းအမှတ် နိဗ္ဗာန်စျေးပွဲတော်အား တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)