ကောလင်း ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေလတ်ဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြ ဒေါ်မာမာမြင့်က တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများကို အိမ်တွင်းမှု လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားရေး အမျိုးသားဝတ် တီရှပ်လက်တို လက်ရှည်ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စေ့အင်္ကျီချုပ်နည်းများ၊ လုံချည်ဒေါက်၊ ချိတ်စကပ်နှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည်ချုပ်နည်းများကို စာတွေ့လက်တွေ့ဖွင့်လှစ် သင်ကြား ပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ ကောလင်းမြို့နယ် ကျေးရွာများမှ စက်ချုပ်ပညာရပ် စိတ်ဝင်စားသည့် သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းကို တစ်လကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)