ရန်ကုန် ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ နယ်လှည့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ငုတ္တိုလ် ကျေးရွာအုပ်စုရှိ အင်ကြင်းပွင့်မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်တို့က ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့၏ (၄)နှစ်တာ ကာလ ဆောင်ရွက်ချက်များကို တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက နယ်လှည့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သပြေကုန်းကျေးရွာ၊ ညောင်ငုတ္တိုလ်ကျေးရွာအုပ်စု၊ ရဲချောင်းကျေးရွာအုပ်စု၊ ထူးကြီးကျေးရွာအုပ်စု၊ ထော်အောက် ကျေးရွာ အုပ်စုများမှ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာ သောက်သုံးရေကန်များ တူးဖော်ပေးနိုင်ရေး၊ နွေရာသီကာလ အတွင်း ကျေးရွာများ၌ ရေကန်များခမ်းခြောက်မှုကြောင့် သောက်သုံးရေများဖြန့်ဖြူးပေးနိုင်ရေး၊ ကျေးလက် ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စု သန်းခေါင်း စာရင်းများ ပြုလုပ်ပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နိုင်လင်းကျော် (ဒလ)