၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲ ယင်းမာပင်မြို့၌ ကျင်းပ

ယင်းမာပင်   ဇန်နဝါရီ     ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့အကြို ပထမဆုံးအကြိမ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၅နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုက်ခရို မာရသွန်ပြိုင်ပွဲကို ယင်းမာပင်မြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို  ယနေ့ နံနက် ၅ နာရီ အချိန်က ယင်းမာပင်မြို့နယ် သရက်ကန်ကျေးရွာမှ စတင်တာလွှတ်ကာ မြို့နယ်လွှတ်လပ်ရေးကျောက်တိုင် ကွင်းရှေ့၌ ပန်းဝင်သည့်  အပြေးသမားများကို တာဖမ်းခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုက်ခရို မာရသွန်ပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူများနှင့် ကျား/မအလွတ်တန်း ပြိုင်ပွဲများကို ပြုလုပ်တာဖြစ်တဲ့အတွက် ကျောင်းသား၊ကျောင်းသူများ အလွတ်တန်း အပြေးဝါသနာရှင်များ စုစုပေါင်း ၃၀၀ ကျော်က ပျော်ရွှင်စွာပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရသည်။

"ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့် ဆုရရှိသူများကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တိုင်းကိုလည်း အမှတ်တရအဖြစ် ပြိုင်ပွဲဝင်အင်္ကျီများကိုပေးခဲ့ပြီး ပျော်ရွှင်စာဝင်ရောက်ဆင်နွဲခဲ့ကြတာဖြစ်ပါတယ်။ ဒီယင်းမာပင်မြို့မှာ တာဝေးမာရသွန်ပြိုင်ပွဲကို မကျင်းပဖြစ်တာ ဆယ်စုနှစ် (၂)စုနီးပါးကြာပြီးမှ ဒီမိုက်ခရိုမာရသွန်ပြိုင်ပွဲဟာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာဖြစ်ပါတယ်" ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းသီရိလှိုင်က ပြောပြသည်။

ယင်းမာပင်မြို့တွင် လွှတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဖူဆယ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများလည်း မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)