ထန်းတပင် ဇန်နဝါရီ ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင် လုပ်ငန်း(၄)ခုတို့ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး လုပ်ငန်းများကို (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ (တတိယအပတ်)မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှသိရသည်။
တောင်သူများအား စိုက်ပျိုးရေ ပေးဝေနိုင်ရေးအတွက် ရေကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ အတွက်လည်း ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေပေးဝေမှုများ အဆင်သင့်ဖြစ်စေရန် အတွက်လည်း လျှပ်စစ် မြစ်ရေတင်လုပ်ငန်း(၄)တို့မှ ရေပေးဝေနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်သလို တောင်သူများ၏ မိုးစပါးရိတ်သိမ်းမှုများ ဆောင်ရွက်ပြီးစီးသွားပါက စိုက်ပျိုးရေများကို စတင်ကာပေး ဝေသွားမည်ဖြစ်ပါ ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဒုတိယဦးစီးမှူး ဦးအောင်မှ ပြောသည်။
(၂၀၁၉-၂၀၂၀)ခုနှစ် နွေစပါးနှင့်သီးနှံစိုက် တောင်သူများအတွက် ဘောလည်မြစ်ရေပေါ်သောင် လျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှနွေစပါးနှင့်သီးနှံ (၁၁၅၀)ဧက၊ လှိုင်မြစ်ကြို့ကုန်း လျှပ်စစ်မြစ်ရေတင် လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၆၀၀)ဧက၊ လှိုင်မြစ်ဂွေ့တန်းရှည် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၇၀၀) ဧကနှင့် ကုက္ကိုဝမြစ်ကျွန်းငူ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၄ဝဝ)စိုက်ဧက စုစုပေါင်း နွေစပါး နှင့် သီးနှံစိုက်ဧက(၂၈၅၀)တို့အတွက် စိုက်ပျိုးရေများကို ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ် မြစ်ရေ တင်လုပ်ငန်း(၄)ခုတို့ဖြင့် (၂၀၁၆-၂၀၁၇)ခုနှစ်တွင် နွေစပါးနှင့်သီးနှံ (၁၄၁ဝ)စိုက်ဧက၊ (၂၀၁၇-၂၀၁၈) ခုနှစ် တွင် နွေစပါးနှင့်သီးနှံစိုက် ဧက(၂၂ဝဝ)နှင့် (၂၀၁၈-၂၀၁၉) ခုနှစ်တွင်နွေစပါးနှင့် သီးနှံ (၂၇၃၅) စိုက်ဧက တို့ကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)