ပွင့်ဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်း သင်တန်း ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ  ဇန်နဝါရီ   ၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် စက်ချုပ်နည်းပညာများကို ဂရုတစိုက် လေ့လာသင်ယူကာ မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် သင်ယူလေ့လာရသည့်ပညာရပ်အား လက်တွေ့အသုံးချ ဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အခြေခံစက်ချုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် မိမိတို့ရရှိသည့် အခွင့်အရေးအား အကျိုးရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် သင်တန်းမှ ပို့ချသင်ကြားပေးမည့်ဘာသာရပ်များကို ကြိုးစားသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများအဖွဲ့က တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို အိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားရေး အမျိုးသားဝတ် တီရှပ်လက်တိုလက်ရှည်ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ ရင်စေ့အင်္ကျီချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည်ချုပ်နည်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စက်ချုပ်ပညာရပ်စိတ်ဝင်စားသည့် သင်တန်းသား(၃၀)ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရပြီး သင်တန်းအား ဒီဇင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )