ပခုက္ကူ ဖေဖော်ဝါရီ ၂၉
ရေစကြိုမြို့နယ် ထန်းတော(ကူနီ) ကျေးရွာ၌ ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲတော်လာ ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို နှစ်စဉ်တပေါင်းလဆန်း (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြီး တပေါင်းလဆန်း (၁၅) ရက်(လပြည့်နေ့) နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူ၍ ပွဲတော်ကို ပိတ်သိမ်းသည်။
ရွှေကူနီပွဲခေါ် ပခန်းကိုကြီးကျော်ပွဲကို ဘုရားပွဲကာလတွင် ကျင်းပလျက်ရှိပြီး တပေါင်းလဆန်း (၃) ရက်နေ့တွင် ချိုးရေတော်ဆင်းပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ရွှေကူနီပွဲခေါ် ပခန်းကိုကြီးကျော်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ရိုးရာနတ်ဆက်သူများ လာရောက်ကြပြီး ဒေသထွက်ကုန်များ၊ တောင်သူသုံးပစ္စည်းများ၊ အဝတ်အထည်၊ သံထည်ပစ္စည်းများ၊ အလှကုန် စသည့် (၁၂) ပွဲဈေးသည်များလည်း လာရောက်ရောင်းချကြသည်။
ပွဲတော်ကာလအတွင်း လုံခြုံရေး၊ ခရီးသွားလာမှု အဆင်ပြေရေးနှင့် ကျန်းမာရေး၊ စောင့်ရှောက်မှုများပါ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကိုဇော်(ဓာတု)