ဝေါ ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု ကျွဲတဲစုကျေးရွာ အ.မ.က(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ( ၁၀း၀၀ )နာရီ က အ.မ.က(ခွဲ)ကျောင်း ကျွဲတဲစုကျေးရွာ၌ ကျင်းပခဲ့သည်။
CHATRIUM 4 ကျောင်းဆောင်သစ်ကြီးအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်း၊ အလှူရှင် ဒေါ်မေမြတ်မွန်ဝင်းနှင့် ဒေါ်ကြူကြူမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အလှူရှင်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
အခမ်းအနားတွင် စိုင်တီစုကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းသား/ ကျောင်းသူလေးများနှင့် ဂီတမှူး အောင်မင်းခန့်မှ မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်သီဆိုပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က အဖွင့်မှာစကား ပြောကြားသည်။ ဆက်လက်၍ CHATRIUM HOTEL ROYAL LAKE YANGON ၏ GENERAL MANAGER ဒေါ်မေမြတ်မွန်ဝင်းမှ လှူဒါန်းရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တေးရေးမောင်စိမ်းကြည် (မြဝတီ)မှ ဂုဏ်ပြုရေးစပ်သီကုံး၍ တေးဆို ကိုအောင်သူ (ဓာတုဗေဒ) နှင့် ကျောင်းသား/ ကျောင်းသူများမှ “ကရုဏာမကိုဋ်ပန်း၊ လှလိုက်သည့်နန်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့သည်။ အလှူရှင် CHATRIUM HOTEL ROYAL LAKE YANGON (မိသားစု)မှ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများအား မြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း ရာတွင် ပါဝင်ကူညီခဲ့ကြသူများအား အမှတ်တရ လက်ဆောင်များပေးအပ်ပြီ CHATRIUM HOTEL ROYAL LAKE ASSISTANT MANAGERမှ အလှူပွဲကြီး အတွက် ရင်းတွင်းပီတိ အမှတ်တရ စကား ပြောကြားခဲ့သည်။ ကျွဲတဲစုကျေးရွာ၊ ကျောင်းသားမိဘတစ်ဦးတင်ဌေးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပညာရေးဝန်ကြီးဌာနကိုယ်စား ဝေါမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါ Chatriun-4 ကျောင်းဆောင်သစ်အား (ပေ ၆၀×ပေ၃၀) စုစုပေါင်းငွေ ၂၆၀သိန်း နှင့် ဝေါမြို့ ဘူတာလမ်းမှ ဦးအောင်ကြည်+ဒေါ်နီ အားရည်စူး၍ CHATRUM HOTEL မန်နေဂျာ ဒေါ်ကြူကြူမော် မှ သောက်ရေလှောင်ကန် (၁၀ပေ×၈ပေ၊အမြင့်၆ပေရှိ) သောက်ရေလှောင်ကန်တန်ဖိုးငွေ ၁၂သိန်း တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)