သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

သဲကုန်း   ဖေဖော်ဝါရီ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ ချောင်းနား ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်း၊ ဆည်မြောင်းနှင့်ရေ အသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးအရာရှိ ဦးကြင်ထွန်း၊ ဒုလ၀ကမှူး ဦး၀င်းတင်၊ ကျေးလက်လမ်းဦးစီးဌာန SAE ဒေါ်တင်ဇာ၀င်း၊ လူထုဗဟိုပြုစီမံကိန်း (CDD)နည်းပညာအကြံပေး ဦးအောင်ကျော်ဦးတို့မှ ဦးဆောင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းမှ အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးနိုင်လင်းက ပြည်သူ့စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသော ပြည်သူများမှဆည်မြောင်းရေရရှိရေး ကိစ္စရပ်များကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်နေ သောဖွံ့ဖြိုးရေးလမ်းတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် လိုအပ်သည့်‌ နေရာများတွင် ပြွန်‌များ‌ဆောင်ရွက်ပေးရေးနှင့် ကတ္တရာလမ်း ဆက်လက်ဆောင်ရွက်ပေးရန် ရှိ/မရှိ ကိစ္စရပ်များကို လည်းကောင်း၊ သဲထိမ်းတံခါး‌အသစ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် သောက်သုံးရေရရှိရေး ကိစ္စရပ်များကို လည်းကောင်း စသည်ဖြင့်‌ ဆွေးနွေးခဲ့ရာ တာ၀န်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)