အင်းတော် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ တောင်သူ ဦးသန်းမောင်၏ စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသော မိုးစပါးရက် (၉၀) စမ်းသပ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးရက် (၉၀) စမ်းသပ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် ( ၉.၂၅ ) ဗူး ထွက်ရှိ ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် တစ်ဧက အထွက်နှုန်း ( ၇၂ ) တင်းခန့် ခန့်မှန်း ထွက်ရှိမှာဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များကို စိုက်ပျိုး ထားရှိရာ မိုးစပါးမျိုးစေ့အမျိုးအစားများအနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ် အတွင်းတွင် ဧက ( ၅၅၀ ) စိုက်ပျိုးထားရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများ ကိုလည်း ထုတ်ပေး ထားရှိပြီးဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ မိုးစပါး စိုက်ကွက်များအတွင်း နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူ အညီများ ရယူနိုင်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြ ခဲ့သည်။
ကျော်သီဟ(ပြန်/ဆက်)