ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပ

ဆိပ်ကြီးခနောင်တို  ဖေဖော်ဝါရီ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်မီးသတ် ဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းတို့က သင်တန်းဆင်း အမှာစကား အသီးသီး ပြောကြားပြီး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ဝင်းသန်းက သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား (အရန်မီးသတ်တပ်ဖွဲ့ဝင်) ၅ ဦးကို ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသား အားလုံးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်မှ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦးမှ လက်နက်မဲ့ စစ်ရေးပြခြင်း၊ မီးငြိမ်းသတ်ရေး ပစ္စည်းများ တပ်ဆင်အသုံးပြုပုံ၊ ရှာဖွေကယ်ဆယ်ရေးနှင့် စက်ကလေး စက်ကြီးများဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းတို့ကို စာတွေ့လက်တွေ့ဖြင့် ဖေဖော်ဝါရီလ(၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ  လေ့ကျင့် သင်ကြားခဲ့ကြကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)